Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Order of Preachers OP

#တရားဒေသနာ ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များ၏အသင်းဂိုဏ်း
#Order of Preachers (OP)          

တရားဒေသနာ ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များအသင်းဂိုဏ်းကို စပိန်လူမျိုး ရဟန္တာ ရှင်ဒေါမိနစ် ဒေဂူ့စ်မာန် (Dominic de Guzman) မှ တည်ထောင်ခဲ့ပါသည်။ အသင်းဂိုဏ်းကို ရဟန်းမင်းကြီး တတိယမြောက် သြော်နောရီးအု(စ်)အရှင်သူမြတ်က ထုတ်ပြန်သော အမိန့်စာ Religiosam Vitam အားဖြင့် ၁၂၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင်အသိအမှတ်ပြုပေးခဲ့သည်။ ရှင်ဒေါမိနစ်၏ နောက်လိုက်များ၊ သို့မဟုတ် အသင်းဂိုဏ်းဝင်များကို ဒိုမိနီကန်များဟု အများက အသိအမှတ်ပြု ခေါ်ဝေါ်လေ့ရှိသည်။ သူတို့၏ နာမည်များနောက်တွင် OP ဟူသော အက္ခရာကို ထည့်သွင်းသုံးစွဲကြသည်။ ထိုစကားလုံးနှစ်လုံးသည် (Order of Preachers) တရားဒေသနာကို ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များအသင်းဂိုဏ်းကို ရည်ညွန်းသည်။ ဒိုမိနီကန်မိသားစုတွင် ရဟန်းများ၊ ကိုရင်များသာမက comtemplative nuns ဟု ခေါ်သော သီလရှင်ကျာင်းတိုက်အတွင်း  တရားကျင့်ကြံသော သီလရှင်များ၊ Active Sisters ဟုခေါ်သော သာသနာ့လုပ်ငန်းများကို လုပ်ဆောင်သော သာသနာပြုသီလရှင်များနှင့် Lay Dominicans ဟုခေါ်သော သာမန်လူဝတ်ကြောင်ဘဝဖြင့် ဆက်ကပ်သော ဒိုမိနီကန်များလည်းပါဝင်သည်။
            အသင်းဂိုဏ်းတည်ထောင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ လွှဲမှားသော အယူဝါဒများ၊ကျင့်စဉ်များကို လက်ခံကျင့်သုံးနေသော သူများအား ကက်သလစ်အသင်းတော်အတွင်းသို့ ပြန်လည်ခေါ်ဆောင်ပြီး လမ်းမှန်တည့်မတ်ပေးရန် ဖြစ်သည်။ (၁၂) ရာစုမှစ၍ ဒိုမိနီကန်တို့၏ ဟောပြောသွန်သင်ခြင်းနှင့် ပညာရေးကဏ္ဍတွင် ဇောက်ချလုပ်ဆောင်ခြင်းတို့ကြောင့် အသိပညာအတတ်ပညာနှင့်ဆိုင်သော ကဏ္ဍအသီးသီးတို့၌ ရှေ့ဆုံးတွင် ဦးဆောင်သူများဖြစ်ပြီး သမိုင်းခေတ်တစ်လျှောက်တွင် အသင်းတော်အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသည်။ အသင်းဂိုဏ်းသည် များစွာသော ဓမ္မသဂြိုလ်ပညာရှင်များ၊ ဒဿနိကပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် ပညာရေးတွင် အစဉ်အလာကြီးမားသော ဂိုဏ်းအဖြစ် ဂုဏ်သတင်းကျော်ကြားလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် အသင်းဂိုဏ်းတစ်ခုလုံးတွင် ရဟန်းအပါး ၄၂၉၉ ပါး၊ ရာသက်ပန်ကိုရင် ၁၄၄၈ ပါး ရှိသည်။ အသင်းဂိုဏ်းကို လက်ရှိအုပ်ချုပ်နေသော ဂိုဏ်းချုပ်မှာ ဖိလိပိုင်လူမျိုး Fr. Gerard Francisco P. Timoner III, OP ဖြစ်သည်။

#အမှတ်တံဆိပ်အဓိပ္ပါယ်
ဂိုဏ်း၏အမှတ်တံဆိပ်တွင် ပါရှိသော Laudare ဟူသောဝေါဟာရသည် ဘုရားသခင်အား ချီးမွမ်းထောမနာပြုခြင်း၊ Benedicere သည် ဘုရားသခင်အား ကောင်းကြီးသြဘာပေးခြင်း (ရဟန်းတို့နှင့် စပ်ဆိုင်သော ဝတ္တရားများကို ရည်ညွန်းသည်)၊ Praedicare သည် ဟောပြောသွန်သင်ခြင်း ဟူ၍ အဓိပ္ပါယ်ဆောင်ပါသည်။ အဖြူရောင်နှင့် အနက်ရောင်ကားတိုင်သည် ဆက်ကပ်ခြင်းဘဝအသက်တာကို ဖေါ်ညွန်းပြီး၊ မိမိတို့သည် အပြစ်သားများဖြစ်ကြောင်း သိမှတ်ဝန်ခံကာ ဖြူစင်ခြင်းအသက်တာကို လှမ်းယူကြရန် နှိုးဆော်ပေးသော သင်္ကေတဖြစ်သည်။

#အသင်းဂိုဏ်း၏ဆောင်ပုဒ် (Motto)
To contemplate and to share the fruits of one’s contemplation.
တရားထောက်ရှု၍ သိရှိနားလည်လာသော တရားအသီးအပွင့်များကို တပါးသူတို့အား ဝေမျှခြင်း (သို့မဟုတ် စာပေလေ့လာဆည်းပူး၍ လေ့လာဆည်းပူးခြင်း၏ အသီးအပွင့်များကို တပါးသူတို့အား မျှဝေခြင်း) 

#အသင်းဂိုဏ်း၏ ထူးခြားသော ကျင့်စဉ်ဂုဏ်ပုဒ် (Charism)
ဆုတောင်းခြင်းအဖွဲ့အစည်းဖြင့်နေထိုင်ခြင်း၊ စဉ်ဆက်မပြတ်ဆည်းပူးလေ့လာခြင်းနှင့် သာသနာ့လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ဖြင့် လူသားများ ဘုရားသခင်ကို ပိုမိုသိရှိနားလည်လာအောင် လုပ်ဆောင်ပေးရန်ဖြစ်သည်။

#အသင်းဂိုဏ်း၏ ရည်ရွယ်ချက် (Vision)
အသင်းဂိုဏ်း၏ မူလရည်ရွယ်ချက်မှာ လွဲမှားသော အယူဝါဒများကို လက်ခံကျင့်သုံးနေကြသော သူများအား စစ်မှန်သော ဧဝံဂေလိသတင်းကောင်းကို ဟောပြောသွန်သင်ခြင်းအားဖြင့် အမှန်တရားလမ်းပေါ်သို့ ပြန်လည်ခေါ်ဆောင်ရန် ဖြစ်သည်။

#အသင်းဂိုဏ်း၏လုပ်ဆောင်ချက် (Mission)
သမ္မာတရားကို အခြေခံ၍ ဟောပြောသွန်သင်ခြင်းဖြင့် ဝိညာဉ်ကယ်တင်ရေး လုပ်ငန်းများလုပ်ဆောင်ခြင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်၍ လူငယ်များအား ပညာရေးဖြင့် လမ်းညွန်ပုံသွင်းပေးခြင်း၊ စာအုပ်စာပေများရေးသားဖြန့်ဝေခြင်း၊ ဥပုဒ်များပေးခြင်း၊ ခေတ်မီဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ ဧဝံဂေလိ သတင်းကောင်းကို ဟောပြောသွန်သင်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

#Stages of Formation
#Aspirancy (လေ့လာသူအဆင့်)
လေ့လာသူအဆင့်သည် အသင်းဂိုဏ်းထဲသို့ ဝင်ရောက်လိုသူများအတွက် လိုအပ်သော စိတ်အားထက်သန်မှုများ ပထမဦးစွာ မွေးမြူရသည့်အဆင့်ဖြစ်သည်။
•           ဤအဆင့်သည် လေ့လာသူအတွက် မိမိကိုယ်ကို အသင်းဂိုဏ်း၏ နေထိုင်မှုပုံစံ၊ ကျင့်စဉ်များနှင့်   ရင်းနှီးကျွမ်းဝင်မှုရှိအောင် စတင်လေ့လာဆည်းပူရသော အရေးကြီးသော အချိန်ကာလဖြစ်သည် သာမက လမ်းညွန်ပဲ့ပြင်သူများအတွက်လည်း လေ့လာသူ၏ ရည်ရွယ်ချက်အမှန်နှင့် အရည်အချင်းကို သုံးသပ်သည့် အဆင့်ဖြစ်သည်။
•           အသင်းဂိုဏ်းထဲသို့ ဝင်ရန် ဆုံးဖြတ်ပြီးပါက လေ့လာသူအနေဖြင့် အချိန်ကာလ ၆ လမှ (၁) နှစ်အထိ အင်္ဂလိပ်စာ သင်ယူရပြီး၊ အသင်းဂိုဏ်းအကြောင်းကို လေ့လာရင်း မိမိကိုယ်ကို ဆန်းစစ်ရမည်။
•           လေ့လာသူအဆင့်ပြီးဆုံးသောအခါ တာဝန်ခံမှ လေ့လာသူသည် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အဆင်သင့်ရှိမရှိ၊လိုအပ်သော အရည်အချင်းများ ရှိမရှိ ဆန်းစစ်မည်ဖြစ်ပြီး လိုအပ်ချက်များ ပြည့်မှီပါက ထောက်ခံပေးရမည်ဖြစ်သည်။

#Postulancy (တောင်းခံသူအဆင့်)
•           ဤအဆင့်တွင် တာဝန်ခံနှင့် ဝင်လိုသူများအား ပုံသွင်းဆန်းစစ်ခြင်းတာဝန်ခံများမှ တောင်းခံသူကို အသင်းဂိုဏ်း၏ နေထိုင်မှုပုံစံနှင့် ရင်းနှီးလာရန် လမ်းညွန်ပေးမည်ဖြစ်ပြီး သူတော်စင်တစ်ပါးတွင် ရှိသင့်သည့် စိတ်နေစိတ်ထားများ၊ ဝိညာဉ်ရေး ရင့်ကျက်မှုများရှိရန် ကူညီလမ်းညွန်ပေးကြမည်ဖြစ်သည်။ ဝင်လိုသူ ကိုယ်တိုင်ကလည်း မိမိကိုယ်ကို ပိုမိုသိရှိနားလည်လာရမည်ဖြစ်ပြီး မိမိ၏ အားသာချက်၊ အားနည်းချက်များ ရှာဖွေသိရှိရမည်ဖြစ်သည်။ မိမိ၏ဆုတောင်းခြင်း၊ ယုံကြည်ခြင်းအသက်တာကို တာဝန်ယူနိုင်သည့်အဆင့်တွင် ရှိရမည်ဖြစ်ပြီး ခရစ်ယာန်တို့ ကောင်းမြတ်သော စိတ်နေသဘောထားများကိုလည်း ထားရှိရတော့မည်ဖြစ်သည်။
•           ဤအဆင့်တွင် ဝင်လိုသူသည် ဒိုမိနီကန်တို့၏ဘဝအသက်တာနှင့် ကျင့်စဉ်များကို မိမိကိုယ်တိုင် ဆက်လက်ကျင့်ကြံ လျှောက်လှမ်းနိုင်မည်၊ မနိုင်မည်ကို ဆန်းစစ်ရမည်။ လမ်းညွန်သူများ အနေဖြင့်လည်း ဝင်လိုသူသည် အသင်းဂိုဏ်းနှင့် သင့်တော်သည်၊ မသင့်တော်သည်ကို သုံးသပ်ကြရမည်။

#Novitiate (ကိုရင်လောင်းအဆင့်)
•           ကိုရင်အဖြစ် ပုံသွင်းသည့်အဆင့်သည် ကိုရင်လောင်းတစ်ပါးအနေဖြင့် မိမိ၏ခေါ်တော်မူခြင်းသည် စစ်မှန်သော ဒိုမိနီကန်သူတော်စင်တစ်ပါးအဖြစ် ခေါ်တော်မူခြင်းဟုတ်မဟုတ် ဆန်းစစ်ပြီး ဒိုမိနီကန် တို့၏ ကျင့်စဉ်များနှင့် တဖြည်းဖြည်းချင်း ရင်းနှီးကျွမ်းဝင်လာရန် မိမိကိုယ်ကို မိမိပုံသွင်းရမည်။ မိမိ၏ခေါ်တော်မူခြင်းကို ဆန်းစစ်ရာတွင် နာခံခြင်း၊ ဆင်းရဲခြင်း၊ဖြူစင်ခြင်း ပါရမီများ၏ အတိမ်အနက်များကို သိနားလည်ရုံသာမက ၎င်းတို့ကို တစ်သက်တာလုံးကျင့် ဆောက်တည်၍ ထိန်းသိမ်းရမည်ကို နားလည်ရမည်။
•           ဤအဆင့်ကို ကိုရင်လောင်းမှ အောင်မြင်စွာပြီးဆုံးပါက လမ်းညွန်ပုံသွင်းသူနှင့် သူ၏ လက်ထောက်များမှ ကိုရင်လောင်း၏ ရင့်ကျက်ခြင်း၊အဆင်သင့်ဖြစ်ခြင်း၊မှန်ကန်သော ရည်ရွယ်ချက်များ ရှိမရှိ သုံးသပ်၍ အသင်းဂိုဏ်းထဲသို့ ယာယီသစ္စာပြုခွင့်ပေးသင့်၊မပေးသင့် ဆုံးဖြတ်ပေးရမည်ဖြစ်သည်။

#Studentate (သူတော်စင်သက်ငယ်ဘဝ ကိုရင်အဆင့်)
•           သူတော်စင်သက်ငယ်ဘဝ ကိုရင်အဆင့်သည် ပုံသွင်းခြင်းအဆင့်၌ အကြာရှည်ဆုံးအဆင့်ဖြစ်သည်။ ဤအဆင့်တွင် ကိုရင်များအနေဖြင့် ဒဿနိကပညာရပ်များနှင့် ဓမ္မသင်္ဂြိုလ်ပညာရပ်များ၊ ဘာသာရေးဆိုင်ရာဘာသာရပ်များကို လေ့လာ သင်ယူ ရမည်ဖြစ်သည်။
•           ကိုရင်များတာဝန်ခံနှင့် သူ၏လက်ထောက်များမှ ကိုရင်များအား ရဟန်းဘဝအတွက် ပုံသွင်းခြင်း၌သော်လည်းကောင်း၊ သင့်တော်သော ခေါ်တော်မူခြင်းရွေးချယ်ရာ၌သော်လည်းကောင်း အကူအညီပေးကြရမည်။ ကိုရင်သည် ရဟန်းဘဝကိုသော်လည်းကောင်း၊ ကိုရင်ဘဝဖြင့်သာ မိမိကိုယ်ဘဝကို ရာသက်ပန်ဆက်ကပ်၍သော်လည်းကောင်း ရွေးချယ်နိုင်သည်။
•           ဤအဆင့်တွင် ပညာဆည်းပူးခြင်း၊ အသင်းဂိုဏ်းမှ ထုတ်ပြန်ထားသော စာတမ်းများ၊  ဆက်ကပ်သူတော်စင် ဘဝနှင့်ရဟန်းဘဝအတွက် အသင်းတော်၏သွန်သင်ချက်များ နှင့်ရင်းနှီးလာရန် လေ့လာဖတ်ရှုပြီး လတ်တလောဖြစ်ပျက်နေသော ပြဿနာများအပေါ်တွင်လည်း မျက်စိဖွင့်နားစွင့် ထားရမည်။လက်ရှိ ပြဿနာများသည် အနာဂတ်သာသနာ့လုပ်ငန်းထမ်းဆောင်နိုင်ရန်အတွက် ပြင်ဆင်ပေးနိုင်သည်။ အသင်းဂိုဏ်း၏ထူးခြားသော ကျင့်စဉ်(charism)ကိုလည်း မမေ့မလျော့အမြဲနှလုံးသွင်းထားရမည်။ တချိန်တည်းတွင် ကိုရင်များသည် အခါအခွင့်ကြုံပါက မိမိတို့တတ်စွမ်းသမျှ သာသနာ့လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။

#မြန်မာဒိုမိနီကန်များ
လက်ရှိတွင် မြန်မာပြည်ဖွား ဒိုမိနီကန်ဘုန်းတော်ကြီး (၁၈) ပါးရှိပြီဖြစ်သည်။ Our Lady of the Rosary Province တွင် (၁၆) ပါးနှင့် Philippines Province တွင် (၂) ပါးရှိသည်။ တစ်သက်သစ္စာခံယူပြီး ရဟန်းသိက္ခာမရသေးသော ကိုရင် (၂) ပါး၊ ယာယီသစ္စာ ခံယူထားသော ကိုရင် (၁၃) ပါး၊ ကိုရင်လောင်း (၂) ပါးနှင့် ဝင်လိုသူ (၁၂) ယောက်ရှိသည်။

မြန်မာပြည်တွင် ဒိုမိနီကန်ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းသာရှိသည်။ ၎င်းတို့မှာ ရန်ကုန်သာသနာ၊ ၈ မိုင် ခွဲ၊ အေဝမ်း၊ မြသီရိလမ်းသွယ်ပေါ်တွင် St. Dominic’s house၊ မန္တလေးသာသနာ၊ ဇော်ဂျီရွာတွင် St. Martin de Porress’ Social Center နှင့် လွိုင်ကော်သာသနာ၊ နွားလဝိုးစံပြကျေးရွာတွင် St. Thomas Aquinas’ House တို့ပင်ဖြစ်သည်။ ပြန်မာပြည်တွင် လက်ရှိတာဝန် ထမ်းဆောင်ဆောင်နေသော ရဟန်းမှာ (၉) ပါး ရှိသည်။

လက်ရှိတွင် ဒိုမိနီကန်များသည် ရန်ကုန်သာသနာရှိ ရွှေပြည်သာတိုက်နယ်နှင့် လွိုင်ကော်သာသနာရှိ နွားလဝိုးတိုက်နယ်တို့ကို တာဝန်ယူကြည့်ရှုစောင့်ရှောက်ပြီး ယုံကြည်သူကက်သလစ်ဘာသာဝင်တို့၏ ဝိညာဉ်ရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက Myanmar Institute for Religious Studies ကျောင်း နှင့် လွိုင်ကော်မြို့ရှိ St. John Marie Vianney  ရဟန်းဖြစ်တက္ကသလိုလ်တို့တွင် ဓမ္မသင်္ဂြိုလ်ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ ဂိုဏ်းအသီးသီးမှ သူတော်စင်များကိုလည်း ရံဖန်ရံခါ ဥပုဒ်များပေးလျက်ရှိသည်။           

#Stages of Formation

ဒိုမိနီကန်သူတော်စင်တစ်ပါးဖြစ်လိုပါက ဝင်လိုသူတာဝန်ခံ Fr. Alphonso Bobo ကို ဆက်သွယ်နိုင်ပါသည်။

လိပ်စာ              ၁၅ (ခ)၊မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ ၈ မိုင်ခွဲ
                        မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
                        ဖုန်း-၀၉၂၅၃၁၁၇၁၁၇. email-abochalie@gmail.com

 

Untitled Document
Total viewer: 345949